ပလက်စတစ်ဘူးထဲ မတော်တဆ ခေါင်းစွပ်မိပြီး၊ ရက်များစွာ ငတ်ပြတ်နေခဲ့တဲ့ ဝံပုလွေ

0
1116

ဝံပုလွေတစ်ကောင်ဟာ လူတွေစွန့်ပစ်ထားတဲ့ ပလက်စတစ်ဘူးတစ်ခုမှာ မတော်တဆ ခေါင်းစွပ်မိခဲ့ပြီးနောက် ရက်ပေါင်းများစွာ တစ်ခြားအစားအစာတွေကိုလည်း မစားနိုင်တော့ဘဲ ဆိုးဆိုးရွားရွား အားအင်ချို့တဲ့နေခဲ့တာကို တွေ့ရပါတယ်။ အဆိုပါ ဝံပုလွေရဲ့ လက်ရှိအနေအထားဟာ တစ်စုံတစ်ယောက်ကသာ ကယ်တင်မှုမရှိတော့ရင် သေချာပေါက် အသက်သေဖို့သာ ရှိနေပါတော့တယ်။

ဒီဝံပုလွေကို တွေ့ရှိခဲ့သူကတော့ ဓာတ်ပုံဆရာ Tanay Panpalia ဖြစ်ပြီး အသက်ကတော့ (၂၆)နှစ်ပါ။ သူဟာ အိန္ဒိယအလယ်ပိုင်း Ngapur မှာ နေထိုင်သူဖြစ်ပြီး ရေကန်တစ်ခုကို သူငယ်ချင်းတွေနဲ့ အလည်အပတ်သွားရောက်စဉ်မှာ အခုလို အဖြစ်ဆိုးကို ခံစားနေရတဲ့ ဝံပုလွေကို တွေ့ရှိခဲ့တာပါ။

အဲဒီဝံပုလွေဟာ ဆယ်ကောင်လောက်ရှိတဲ့ ဝံပုလွေအုပ်ထဲက တစ်ကောင်ဖြစ်ပုံရပြီး Tanay က ဒီဝံပုလွေကို ကယ်ဖို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ခဲ့ပါတယ်။ သူက ” သူတို့က ဆယ်ကောင်လောက် ရှိတယ် .. ကျွန်တော်တို့က သုံးယောက်တည်း … သူတို့က အဖွဲ့လိုက် ခပ်လှမ်းလှမ်းအမြင့်ကနေ လှမ်းကြည့်နေတယ် .. ကြောက်တော့ ကြောက်တာပေါ့ “လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး ” ဒါပေမယ့် လူသားတွေကမှ မကယ်ရင် ဝံပုလွေကတော့ သေဖို့သာရှိတော့တယ်လေ .. ဒါကြောင့် ဆုံးဖြတ်လိုက်တာပါ … ကိုယ်တိုင်လုပ်ကြည့်တော့ ပြောလောက်အောင် မလွယ်ဘူး .. ဒါကြောင့် သစ်တောဌာနာကို ဖုန်းဆက်လိုက်တယ် … သူတို့ နှစ်နာရီလောက်ကြာမှ ရောက်လာတယ် “လို့ ဆက်ပြောပါတယ်။

Tanay နဲ့သူငယ်ချင်းတွေဟာ Nagpur Forest Department အဖွဲ့ရောက်မလာခင် (၂)နာရီလောက် ဝံပုလွေအုပ်ကို သတိထားနေရတယ်လို့ ပြောပါတယ်။ နောက်ဆုံး သစ်တောအဖွဲ့ဝင်တွေနဲ့အတူ ဝံပုလွေလေးကို ကယ်ဆယ်လိုက်နိုင်ခဲ့ပါတယ်။

ဝံပုလွေလေးခမျာ ကံကောင်းတာက ပလစ်စတစ်ဘူးထဲကနေ လေရှုနိုင်ဖို့ ဘူးမှာအပေါက်တစ်ခု ပါနေတာဖြစ်ပြီး၊ ဒီအပေါက်ကနေ ရေအနည်းငယ်လည်း သောက်ခဲ့ရပုံတော့ ရှိပါတယ်။ အခုဆိုရင် ဝံပုလွေလေးဟာ အသက်ဆက်ရှင်သန်ခွင့် ရသွားပြီဖြစ်ပါတယ်။

နတ်စည်တော် (MyanmarNote)

source : metro.co.uk