ကဗျာတွေရေးရင်း ဘဝနောက်ဆုံးအချိန်အထိ ခရီးသွားခဲ့သူ

0
521

လမ်းခရီးမှာ ဖျားနာ
ငါ့အိမ်မက်တွေ ဆက်လျှောက်နေ
ခြောက်သွေ့လယ်ပေါ်မှာ
ဗသျှိုး

အေဒီ ၁၆၀၃ ခုနှစ်ကနေ ၁၈၆၈ ကာလအပိုင်းအခြားကို ဂျပန်ပြည်မှာ ဧဒိုခေတ်လို့ သတ်မှတ်ပါတယ်။ သည်ခေတ်မှာ ဂျပန်ပြည်ရဲ့ ယဉ်ကျေးမှုအနုပညာတွေ အထွန်းကားဆုံးကာလတစ်ခုလို့ဆိုရင် မမှားပါဘူး။ အမျိုးမျိုးသော စာပေပုံစံတွေ ၊ ရုပ်ပြတွေပန်းချီတွေ ၊ ပြဇာတ်တွေ ၊ ရုပ်ရှင်တွေ စတာတွေ အမြောက်အများပေါ်ထွန်းခဲ့ပြီး အနုပညာရှင် ၊ ပညာရှိတွေ ၊ သူတော်စင်တွေနဲ့ နာမည်ကျော်ဘုန်းတော်ကြီးတွေ ပေါ်ပေါက်ခဲ့တဲ့ ကာလတစ်ခုဖြစ်ပါတယ်။

စာပေပုံစံထဲမှာ ဟိုက္ကုကဗျာတွေ စတင်ကျော်ကြားခဲ့တဲ့ ခေတ်တစ်ခေတ်ဖြစ်ပါတယ်။ ဟိုက္ကုကဗျာရဲ့ပုံစံကတော့ ပထမဆုံးစာကြောင်းမှာ ဝဏ္ဏ ၅ လုံး ၊ ဒုတိယမှာ ၇ လုံး ၊ တတိယ အကြောင်းဖြစ်တဲ့ နောက်ဆုံးကြောင်းမှာတော့ ဝဏ္ဏ ၅ လုံး နဲ့ ပြန်အဆုံးသတ်ပါတယ်။ များသောအားဖြင့် နောက်ဆုံးစာလုံးတွေကို အသံကာရန်ညီနေအောင် ရေးစပ်ထားတတ်ကြပေမယ့် ခြွင်းချက်ကဗျာတွေလည်းရှိပါတယ်။

ဟိုက္ကုကဗျာတွေဟာ ဖတ်ရတာ အင်မတန် ရိုးရှင်းသလောက် သူ့ရဲ့ အနက်အဓိပ္ပါယ်ကတော့ သိပ်သည်းနက်ရှိုင်းလွန်းပြီး လောကကြီးရဲ့ အဓိပ္ပါယ်နဲ့ သစ္စာတရားတွေ ခိုအောင်းနေသယောင်ခံစားရပါတယ်။ ဟိုက္ကုကဗျာတော်တော်များများဟာ လောကသဘာဝရဲ့ အလှတရားကို အသားပေးဖော်ကျူးထားတတ်ကြပြီး နှလုံးသားကို အဓိပ္ပါယ်တစ်ခု အသိတစ်ခု ကိန်းအောင်းသွားအောင် ပြုပြင်ပေးတတ်ကြပါတယ်။

ဟိုက္ကုကဗျာကို ရေးသားကြတဲ့သူတွေဟာလည်း ပေါ့သေးသေးသာမန်လူတွေ မဟုတ်ကြပါဘူး။ ကျော်ကြားလှတဲ့ ဆာမူရိုင်းမျိုးနွယ်တွေ၊ ဇင်ဘုန်းတော်ကြီးတွေ နဲ့ သူတော်စင်တွေဟာ ဟိုက္ကုကို နှစ်နှစ်ခြိုက်ခြိုက်ပဲ ရေးသားကြပါတယ်။ သည်ထဲမှာ အထင်ရှားဆုံးနဲ့ လူသိအများဆုံး ပုဂ္ဂိုလ်တစ်ဦးကတော့ ဗသျှိုးပဲဖြစ်ပါတယ်။ ဟိုက္ကုကဗျာလို့ ပြောလိုက်တာနဲ့ တော်တော်များများပြေးမြင်မိကြတဲ့အထဲမှာ ဗသျှိုးဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။

ဗသျှိုးဟာ ရွှေရည်စိမ်တဲ့ အသိုင်းအဝိုင်းကြီးမှာ ကြီးပြင်းခဲ့ရသူတစ်ဦးမဟုတ်ပါဘူး။ သူဟာ မျိုးရိုးနိမ့်ဆာမူရိုင်းမိသားစုတစ်ခုမှာ မွေးဖွားလာခဲ့သူတစ်ဦးဖြစ်ပြီး သူ့ဘဝရဲ့ စောစောပိုင်းကာလတွေမှာ အစဉ်အလာတွေအရ အရှင်သခင်တစ်ဦးထံမှာ အစေခံအဖြစ်နဲ့ တာဝန်ထမ်းဆောင်ပေးရပါတယ်။ အဲ့သည်မှာ သူ့ရဲ့ အရှင် ယိုရှိတာဒါ ဟာလည်း တိုက်တိုက်ဆိုင်ဆိုင်ကဗျာတွေကို ချစ်ခင်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့် သူ့အတွက်တော့ ရေကန်အသင့် ကြာအသင့် ဆိုသလို ဆရာတပည့်နှစ်ဦး အင်မတန်မှ ပနံရနေပါတော့တယ်။ ဆရာတပည့်နှစ်ယောက် ကဗျာတွေအကြောင်း အတူတူလေ့လာကြရင်း ကဗျာတွေ အတူတူစပ်ဆိုခဲ့ကြတယ်။ သည်ကာလတွေမှာ ဗသျှိုးဟာ ကဗျာတွေစပ်ဆိုရင်း ရေးသားထုတ်ဝေခဲ့တယ်။

ဒါပေမယ့် ပျော်စရာကာလတွေက သူ့အတွက် အကြာကြီး မရှိခဲ့ပါဘူး။ ဗသျှိုး အသက် ၂၂ နှစ်အရွယ်မှာပဲ သူ့ရဲ့ လက်ရင်းဆရာ ယိုရှိတာဒါဟာ ရုတ်တရက်နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားပါတယ်။ အသက်ရှင်ရပ်တည်ဖို့ အတွက် နောက်ထပ် အသက်မွေးမှုတစ်ခုခုကို ဗသျှိုးဟာ မဖြစ်မနေလုပ်ရပါတော့မယ်။ သူရဲ့ဖခင်ဟာ မျိုးရိုးနိမ့်ဆာမူရိုင်းတစ်ယောက်ဖြစ်တာကြောင့် သခင်တစ်ဦးထံမှာ ဗသျှိုးဟာ အမှုထမ်းရမှာဖြစ်ပေမယ့် သူရဲ့ အသက်မွေးဝမ်းကြောင်းအဖြစ်ကနေ သည်အလုပ်ကို စွန့်ပစ်ခဲ့ပါတယ်။

နောက်တော့ သူဟာ ကဗျာတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ ဗသျှိုးဟာ ကဗျာရေးသားခြင်းမှာ ပျော်မွေ့နေခဲ့ပြီး သူရဲ့ ကဗျာတွေကိုလည်း အသီးသီးဖြန့်ဝေခဲ့တယ်။ ၁၆၇၅ ခုနှစ်မှာ Haikai ကဗျာသင်တန်းကျောင်းကို တည်ထောင်သူ နီရှီယာမာဟာ ဗသျှိုးနဲ့ တကွ တစ်ခြားသော ကဗျာဆရာတွေကို သူနဲ့အတူ လက်တွဲပြီး ကဗျာသစ်တွေဖန်တီးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

၁၆၇၅ မှာတော့ ဗသျှိုးဟာ ကဗျာအကြောင်းကို သင်ကြားပို့ချပေးရတဲ့ ဆရာတစ်ဆူဖြစ်လာခဲ့တယ်။ ရင့်သန်တဲ့ ပါရမီတွေနဲ့ အတူ ရေးစပ်တဲ့ ကဗျာတွေဟာ သူရဲ့ စာသင်သားတပည့်တွေကို အင်မတန်မှ ဆွဲဆောင်ထားခဲ့ပါတယ်။ သူ့ရဲ့ တပည့်တွေဟာ သူတို့ဆရာ ဗသျှိုးကို အလွန်တရာလေးစားလွန်းတာကြောင့် ထံနီးလုပ်ကျွေး ဆိုသလို အနီးအပါးမှာ အမြဲမပြတ် လုပ်ကျွေးပြုစုကြရင်း နေထိုင်ဖို့အတွက် တဲအိမ်လေးတစ်လုံးကို ဆောက်လုပ်ပေးခဲ့ကြတယ်။ ဒါဟာ သူ့ဘဝမှာ ပိုင်ဆိုင်ဖူးတဲ့ ပထမဦးဆုံး ကိုယ်ပိုင်အိမ်ကလေးပါပဲ။

အချိန်ကာလတွေ ကြာရှည်လာတဲ့အခါမှာ သူရဲ့ တဲအိုလေးဟာ ယိုယွင်းလာပြီး နောက်ဆုံးမှာ နေထိုင်လို့မရအောင် ပျက်စီးသွားခဲ့တယ်။ အဲ့သည်ကာလတွေအတွင်းမှာပဲ သူ့ရဲ့ မိခင်ဟာလည်း ဆုံးပါးကွယ်လွန်သွားခဲ့တယ်။ သည်လို လောကဓံရဲ့ ရိုက်ချက်တွေဟာ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဗသျှိုးရဲ့ နှလုံးသားကို အပြိုပြိုအလဲလဲဖြစ်သွားစေတယ် ။ သူဟာ စိတ်ဓာတ်အကြီးအကျယ်ကြနေခဲ့ပြီး နောက်ဆုံးမှာ အေးငြိမ်းမှု ရှာဖွေဖို့အတွက် စိတ်ပိုင်းဖြတ် ချလိုက်တယ်။ အဲ့ဒါကတော့ ခရီးရှည်တစ်ခုထွက်ပြီး သူ့ရင်က အပူတွေကို သက်သာစေရာရစေဖို့ပါပဲ။

ခရီးထွက်စမှာ သူဟာ စိတ်ထိခိုက် လွန်းနေခဲ့ပြီး သေသေကြေကြေဆိုတဲ့ စိတ်နဲ့ ခက်ခဲကြမ်းတမ်းတဲ့ အရပ်တွေဆီကို ဦးတည်ခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ ခရီးထွက်နေစဉ်အတောအတွင်းမှာ အရင်ကမကြုံခဲ့ဖူးတဲ့ အသစ်အသစ်သောအတွေ့အကြုံတွေ တွေ့ရှိပြီး စိတ်သက်သာရာရလာခဲ့တာကြောင့် ခရီးအပေါ်မှာ ပျော်ရွှင်မှုတွေရလာခဲ့တယ်။

သည်တစ်ခါထွက်လိုက်တဲ့ ခရီးဟာ ဗသျှိုးအတွက်တော့ အင်မတန်မှ အဖိုးတန်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ သူရဲ့ စိတ်ဖိစီးမှုတွေ အဝေးကို ဖယ်ပစ်လိုက်နိုင်သလို သူ့ရဲ့ အရေးအသားတွေအပေါ်ကို တော်တော်လေးမှာ အကျိုးသက်ရောက်သွားပါတယ်။ သူ့ရဲ့ ကဗျာတွေဟာ ကမ္ဘာလောကကြီးနဲ့ ပတ်သတ်လို့ အတော်လေးစိတ်ဝင်စားစရာကောင်းတဲ့ ဟန်တစ်ခုကို တွေ့မြင်လာရပါတယ်။

စထွက်လာတဲ့အချိန်ကစပြီး (၃) သုံးနှစ်လောက်ပြည့်တဲ့ အချိန်မှာမှ သူဟာ ခရီးကနေ အိမ်ကို ပြန်ရောက်လာခဲ့တယ်။ နောက်တော့ သူ့ရဲ့ ကဗျာသင်တန်းကျောင်းမှာ ဆရာပြန်လုပ်ရင်း ကဗျာရဲ့ အနှစ်သာရ နဲ့ နည်းနိဿယတွေကို ပြန်လည်ပို့ချခဲ့တယ်။ ခရီးကနေ အိမ်ပြန်ရောက်ပြီးနောက်မကြာခင်မှာပဲ ဗသျှိုးဟာ သူရဲ့ နာမည်ကျော် ‘ဖား’ ကဗျာကို ရေးစပ်ခဲ့တာဖြစ်ပါတယ်။ သည်ကဗျာဟာ ဂျပန်မှာသာမက ကမ္ဘာ့စာပေလောကအထိ အရေးပါခဲ့တယ်။ သူရဲ့ အသက်ဟာ (၄၀) ကျော်ကာလကို ရောက်ရှိနေပြီဖြစ်ပြီး ကဗျာဆရာတစ်ယောက်အနေနဲ့ အနုပညာဈာန်ဝင်စားမှု အကောင်းမွန်ဆုံး ကာလတစ်ခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။

‘အိုင်အိုကြီးပါလား
အလို ရွှေဖားခုန်ဆင်းသွား
ပလုံ မြည်သံကြား’
ဗသျှိုး

သင်တန်းကျောင်းမှာ ကျောင်းဆရာအဖြစ်နဲ့ ကဗျာအကြောင်းတွေပို့ချနေခဲ့တဲ့ ဗသျှိုးရဲ့ စိတ်ထဲမှာ ခရီးသွားစဉ်က တွေ့ကြုံခဲ့တဲ့ တောတောင်စိမ်းစိမ်းနဲ့ ပင်လယ်တွေ ၊ လွင်ပြင်ကျယ်တွေ ၊ ထူးဆန်းတဲ့ သဘာဝတရားကြီးနဲ့ လူတွေအကြောင်းသာ စိတ်ထဲရောက်နေခဲ့တယ်။ ဒါကြောင့် သူဟာ နောက်ထပ်တစ်ကြိမ် ခရီးထပ်ထွက်ခဲ့ပြန်တယ်။ သည်အချိန်မှာ သူရဲ့ အသက်ဟာ (၅၀) ထဲဝင်နေပါပြီ။ ဒါပေမယ့်သူဟာ ဘာကိုမှ မက်မောတွယ်တာခြင်းမရှိဘဲ ပိုင်ဆိုင်သမျှတွေကို တပည့်တွေလက်ထဲ အပ်ထားခဲ့ပြီး ခရီးကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့တယ်။

သည်တစ်ခါ ခရီးထွက်ခြင်းက နောက်တစ်နှစ်ကြာရင် ပြန်ရောက်မလား၊ နှစ်နှစ်လား ၊ သုံးနှစ်ကြာမှလား ။ စတဲ့တိကျတဲ့ အဖြေသူ့မှာ မရှိဘဲ ထွက်လာခဲ့တာဖြစ်ပါတယ်။ သူဟာ လူ့ဘဝကြီးထဲက လူသားတွေကို လည်း ခရီးသည်တွေအဖြစ်သတ်မှတ်ထားခဲ့ပြီး ဘဝဟာ ခရီးတစ်ခုလို့ ဆိုခဲ့ပါတယ်။ သူရဲ့ ခရီးလမ်းမှာ တွေ့သမျှလူတွေဆီက အတွေ့အကြုံတွေနဲ့ ပတ်ဝန်းကျင်အသစ်က ထိတွေ့ခံစားမှုတွေကို သူဟာ မှတ်သားထားခဲ့ရင်း ကဗျာတွေစပ်ဆိုခဲ့တယ်။ လမ်းမှာ နယ်ခံကဗျာဆရာတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကဗျာဗေဒတွေကိုလည်း နှီးနှောဖလှယ်ခဲ့တယ်။

သည်တစ်ခေါက်ထွက်တဲ့ ခရီးက ပြန်ရောက်လာပြီးမှာတော့ ဗသျှိုးဟာ သူ့ရဲ့ Masterpiece အဖြစ်သတ်မှတ်လို့ရတဲ့ ‘Oku no Hosomichi’ အမည်နဲ့ စာအုပ်ကို ဖြန့်ချိခဲ့တယ်။ သည်စာအုပ်မှာ သူ့ရဲ့ ခရီးသွားစဉ်က ရင်ခုန်ဖွယ်အတွေ့အကြုံတွေကို ရေးသားဖော်ပြထားပြီး ‘The Narrow Road to the Deep North’ ဆိုတဲ့အမည်နဲ့ အင်္ဂလိပ်ဘာသာပြန်ထားခဲ့ကြပါတယ်။

တကယ်တော့ ဗသျှိုးရဲ့ ဘဝဟာ သူ့ဆရာမရှိတော့တဲ့ နောက်မှာ ခက်ခဲကြမ်းတမ်းလွန်းခဲ့တာ အသေအချာပါပဲ။ ဆာမူရိုင်းမျိုးနွယ်ဖြစ်ပေမယ့် ဆာမူရိုင်းတို့ရဲ့ ဘဝနေထိုင်မှုပုံစံဟာ သူနဲ့ လိုက်လျောညီထွေမဖြစ်တာကြောင့် ငယ်စဉ်ကတည်းက ဖြစ်သလို ကိုယ့်ဝမ်းကိုကြောင်းပြီး ကိုယ်ချစ်တဲ့ ကဗျာတွေကို ရေးစပ်ခဲ့တယ်။ သူဟာ ကျန်းမာရေးကြောင့် ခရီးရှည်တွေမထွက်ရတဲ့ အခါမျိုးတွေမှာ ကြိုကြားကြိုကြား ဂျပန်ပြည်ရဲ့ ဟိုနားသည်နားကို ရေတို ခရီးကလေးတွေ သွားနေခဲ့ပြန်ပါတယ်။

ကမ္ဘာမြေ၊ သဘာဝတရားကြီးနဲ့ လူသားတွေအပေါ်ထားတဲ့ သူ့ရဲ့အမြင်တွေကို ချဲ့ထွင်ဖို့အတွက် သူဟာ နီးနီးဝေးဝေး ခရီးတွေထွက်ခွာရင်း သူ့ရဲ့ ပင်ကိုယ်ကဗျာရေးဟန်နဲ့ သူ့တရားတွေကို မှတ်တမ်းတင်ထားခဲ့တယ်။ သူရဲ့ ကဗျာတွေထဲမှာ သိမ့်မွေ့နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ကိုယ်ယောင်ဖျောက် ပါဝင်နေခဲ့တာကြောင့် သည်နေ့ခေတ်စာပေလောကမှာ ဗသျှိုးရဲ့ ကဗျာတွေကို အလေးထားဖတ်ရှုနေကြဆဲဖြစ်ပါတယ်။
ခရီးတွေသွားရင်း ၊ ကဗျာတွေ ရေးရင်း ဘဝအဓိပ္ပါယ်ကို ရှာဖွေနေခဲ့တဲ့ ဗသျှိုးဟာ နောက်ဆုံးမှာတော့ သူလိုချင်တဲ့ ငြိမ်းချမ်းမှုတစ်ခုကို ရှာတွေ့သွားတယ်လို့ ဆိုရမယ်ထင်ပါတယ်။ ၁၆၉၄ ခုနှစ်ရဲ့ အေးမြပြီး နှင်းတွေပိန်းပိတ်အောင်ဝေနေတဲ့ ဂျပန်ပြည်ရဲ့ နိုဝင်ဘာဆောင်းတစ်ရက်မှာ အစာအိမ်ရောဂါ ဝေဒနာခံစားနေရတဲ့ ခန္ဓာကိုယ်ထဲကနေ ခရီးသွားကြီးဗသျှိုးရဲ့ စိတ်ဝိဉာဉ်ဟာ သံသရာခရီးကို ဆက်လက်ထွက်ခွာသွားခဲ့တယ်။ သေလုဆဲဆဲ ဝေဒနာခံစားနေရတဲ့ အချိန်မှာ ဗသျှိုးဟာ ဂျပန်ကဗျာဆရာတွေရဲ့ ထုံးစံအတိုင်း သေတမ်းစာကဗျာတစ်ပုဒ်ကို ရေးသားသွားခဲ့ပါတယ်။ အဲ့သည်ကဗျာလေးကတော့ အပေါ်မှာ ဖော်ပြထားခဲ့တဲ့ ကဗျာလေးပဲဖြစ်ပါတယ်။

လမ်းခရီးမှာ ဖျားနာ
ငါ့အိမ်မက်တွေ ဆက်လျှောက်နေ
ခြောက်သွေ့လယ်ပေါ်မှာ
ဗသျှိုး

Aerial (myanmarnote)