သွားမှာစတီးကြိုး(Braces)တပ်တာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာပြီလား

0
333

Photo –orthodontistfortlauderdale

အပြုံးဆိုတာ လူတစ်ယောက်ရဲ့ ယုံကြည်မှုပါပဲ။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့အပြုံးလှလှလေးတွေပေါ်လွင်စေဖို့အတွက် သွားလှလှလေးတွေပိုင်ဆိုင်ထားတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါဆိုကိုယ့်မှာ မညီမညာကျဲနေ ထပ်နေတဲ့သွားလေးတွေရှိနေမယ်ဆိုရင် သွားမှာစတီးကြိုးတပ်ခြင်းက ကိုယ့်သွားလေးတွေကိုညီညာသွားအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ ဟိုးအရင်တုန်းကတော့ သွားမှာစတီးကြိုးတွေတပ်ထားတဲ့သူတွေကိုတွေ့ရင် ရုပ်ဆိုးကြီးလို့ အများအမြင်မှာမြင်ကောင်းမြင်နိုင်လိမ့်ပေမယ့် ဒီဖက်ခေတ်မှာတော့ ဒီအတွေးတွေကို အဝေးကိုလွှင့်ပစ်လိုက်ပါတော့။ ကိုယ့်ကိုယ်ကိုယ်ပိုလှသွားစေချင်လို့ပဲဖြစ်ဖြစ် ကိုယ့်အပြုံးတစ်ချက်တိုင်းမှာယုံကြည်မှုပိုရချင်လို့ပဲဖြစ်ဖြစ် ဒီဘက်ခေတ်မှာ သွားလေးတွေကို စတီးကြိုးတပ်ပြီးပြုပြင်လာခြင်းဟာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာပါပြီ။

ဘယ်လိုအခါမျိုးမှာ braces အသုံးပြုသင့်လဲကြည့်ကြရအောင်….

  • ငယ်စဉ်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်သွားလေးတွေမညီမညာပေါက်နေခဲ့ရင် အသုံးပြုကြမယ်။
  • အံဆုံးပေါက်လာတဲ့အခါ အံဆုံးကသူ့နေရာအတွက် ရှေ့သွားလေးတွေကို တွန်းထုတ်တတ်ခြင်းကြောင့် ရှေ့ကသွားလေးတွေဟာ တစ်ခုနဲ့တစ်ခုအနည်းငယ်ထပ်လာခဲ့ပါတယ်။ ဒီအခါမှာသွားမှာစတီးကြိုးတပ်ခြင်းဖြင့် ပြန်လည်ညှိယူနိုင်ပါတယ်။
  • သွားတစ်ချောင်းတည်းက တခြားသွားတွေနဲ့ဝေးနေတဲ့အခါမျိုး သွားတွေစောင်းနေ ကျဲနေတာမျိုးကို စတီးကြိုးက ပြန်စိပေးနိုင်ပါတယ်။
  • အစားတစ်ခုခုစားရင်ပဲဖြစ်ဖြစ် ပစ္စည်းတစ်ခုခုကိုသွားနဲ့ကိုက်ဖောက်ရင်ပဲဖြစ်ဖြစ် အပေါ်သွားနဲ့အောက်သွားမထိတဲ့ အခါမျိုးတွေမှာလည်း စတီးကြိုးတွေက သွားတွေညီညာသွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Braces တပ်ခြင်းကရေရှည်အတွက်ဆိုးကျိုးမရှိသလောက်ကိုရှားပါတယ်။ စစတပ်ခြင်းမှာတော့ ရက်အနည်းငယ်လောက်နာကျင်ခံစားမှုတွေ အဆင်မပြေမှုတွေ ရှိတတ်ပါတယ်။ ဒါဟာဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ Braces တပ်ထားသူတွေမှာ မာတဲ့အစားအစာတွေ စေးစေးကပ်ကပ်လို အစားအစာမျိုးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ သွားဆရာဝန်ရဲ့အကြံညဏ်ကို အကောင်းဆုံးရယူပြီး ကိုယ်နဲ့အဆင်ပြေတဲ့ braces ကို သွားဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့အတူ ရွေးချယ်ဖို့လိုအပ်ပါတယ်။ ရက်ချိန်းအတိုင်း မပျက်မကွက် မှန်မှန်သွားပြဖို့လိုအပ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်ချိန်တွေ တာဝန်တွေကို ကြိုတင်အစီစဉ်ဆွဲထားတာမျိုးတွေကို လုပ်ဆောင်ထားသင့်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအများစုကသာ Braces ကိုအသုံးများကြသော်လည်း ငယ်ရွယ်စဉ်အခါမှာတပ်ဆင်ခြင်းကတော့ ကိုယ့်သွားလေးတွေကို အချိန်အနည်းငယ်နဲ့ပိုလှစေဖို့အတွက် အကောင်းဆုံးပါပဲ။ ဒီနေ့ခေတ်မှာတော့ ခေတ်ရေစီးကြောင်းအရ လွယ်လွယ်ကူကူအကုန်ကျသက်သက်သာသာနဲ့ အသုံးပြုလို့ရတဲ့ braces တွေဟာခေတ်စားလာပါတယ်။ သို့ပေမယ့် ဒါဟာ အရမ်းအန္တရာယ်များလွန်းပါတယ်။ သွားတွေကိုဆုံးရှုံးရနိုင်သည်အထိ ဆိုးကျိုးများလွန်းတာကြောင့် ကိုယ့်သွားတွေကို ဆရာဝန်နဲ့သေသေချာချာ ပြပြီး ပြုပြင်ခြင်းကသာ အမှန်ကန်ဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းပါ။

Braces မှာ Fixed ( အသေတပ်ခြင်း) နဲ့ Removable ( အရှင် ) တပ်ခြင်းဆိုပြီး နှစ်မျိုး နှစ်စား ရှိပြီးတော့ များသောအားဖြင့် လူအများစုက Fixed ကိုပိုရွေချယ်လေ့ရှိကြပါတယ်။ Removable ကတော့ Fixed ထက်စာရင် ထိရောက်မှုနှုန်းက ပိုကြာတတ်ခြင်းကြောင့်ပါ။ ဒါ့ကြောင့် ကိုယ့်သွားလေးတွေကို အချိန်တိုတိုအတွင်းမှာ result ကိုသိသိသာသာမြင်တွေ့ချင်တယ်ဆိုရင်တော့ Fixed ကိုပိုရွေးချယ်သင့်ပါတယ်။ အချိန်ကာလကတော့ ကိုယ့်သွားထပ်နေတဲ့ပေါ်မူတည်ပြီး ၂ နှစ် ၃ နှစ်လောက်အချိန်ပေးရတတ်ပါတယ်။ ရွေးချယ်စရာအမျိုးအစားတွေကတော့ stainless steel နဲ့ Titanium စတဲ့ ကြိုးအမျိုးအစားတွေနဲ့ သွားမှာကပ်တဲ့ အတုံးလေးတွေက တော့ အကြည်လေးတွေဖြစ်ပြီး ကိုယ်ကအလှအပကို ပိုဦးစားပေးချင်တယ်ဆိုရင်တော့ ကာလာလေးတွေနဲ့လည်းရနိုင်ပါသေးတယ်။ ကိုယ့်သွားလိုအပ်ချက်ပေါ်မူတည်ပြီးတော့ အံကပ်အကြည်လေးတွေကိုလည်း အသုံးပြုကြပါတယ်။ ဈေးနှုန်းနဲ့ကုန်ကျစရိတ်ကတော့ ကိုယ်ရွေးချယ်တဲ့ အမျိုးအစားနဲ့ ကိုယ့်သွားအခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

 

Hsu Yee Win (MyanmarNote)